ဖန်ခွက်တစ်လုံး မဖြစ်ပါစေနဲ့
တစ်ခါတုန်းက
ဥာဏ်ပညာထက်မြက်ပြီးအတွေ့အကြုံ ကြွယ်ဝတဲ့ပညာရှိကြီး တစ်ဦး ရှိပါတယ်။
သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့
စိတ်ပျက်အားလျော့စွာနဲ့ဝမ်းနည်းပူဆွေးပြီး ငိုကြွေး နေတဲ့လူငယ်တစ်ယောက်ဆီကို ရောက်လာပါတယ်။
ပညာရှိ ကြီးက ထိုလူငယ်ကိုရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်။
ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ်ထည့်လိုက်ပြီးရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။
ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့မေးတဲ့အခါ ထိုလူငယ်ကခါးတူးနေအောင် ငံပါတယ်လို့ ပြန်ဖြေပါတယ်။
ဒီတော့ ပညာရှိ ကြီးက အသာပြုံးလိုက်ရင်း
ထိုသူကို ဆားတစ်ထုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။
မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန်ကျယ်ပြန့်ပြီး ကြည်လင်လှတဲ့ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်။
ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်။
ပြီးတော့ လူငယ်ကို " ကဲအခုကန်ထဲက ရေကိုသောက်ကြည့်ပါဦး" လို့ခိုင်းလိုက်တဲ့အခါ
ထိုလူငယ်ကလည်း ရေကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်။
ပညာရှိ ကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ " အခုရော ကန်ထဲက ရေကဘယ်လိုအရသာရှိသလဲ" လို့မေးလိုက်ပါတယ် ။
ဒီတော့ လူငယ်က လက်ဆတ်ပြီး ချိုမြတဲ့သောက်ရေရဲ့ နဂိုအရသာအတိုင်းပါဘဲလို့ ပြန်ဖြေပါတယ်။
စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား လို့ ပြန်မေးပြန်တဲ့အခါ
မငံတော့ပါဘူး လို့ လူငယ်ကပြန်ဖြေလိုက်ပါတယ် ။
ဒီတော့မှ ပညာရှိ ကြီးဟာ လူငယ်လေးရဲ့လက်ကိုဆုပ်ကိုင်ပြီး ပုခုံးကိုအသာအယာပုတ်လိုက်ကာ
ငါတို့ဘဝတွေရဲ့ ထိခိုက်နာကျင်မှုဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူတယ်။
ဘဝမှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကိုခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲဆိုတာနဲ့ဘဲသက်ဆိုင်တယ်။
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ် ...
ရေကန်လို ကျယ်ပြန့်လှတဲ့ ခွက်ကြီးကြီးနဲ့ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊စိတ်ထိခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့။
ဒီတော့ ဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေ ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။
ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့ ...
ရေကန် တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ ...
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲ ရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျော့ပါးသက်သာသွားပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ပုံပြင်ထဲကလိုပါပဲ ... ဒီလောကကြီးမှာ ထိခိုက်ဆုံးရှုံးမှုတွေဆိုတာ လူတိုင်းကြုံတွေ့ရမှာပါ။ ဒါကို ကျွန်တော်တို့တွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းသလဲဆိုတာကသာ မတူကွဲပြားသွားကြတာပါ။
Credit