published at :

            မြန်မာစကားမှာ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ ဆိုတာရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ကူညီရိုင်းပင်း တဲ့သဘောမျိုး အဓိပ္ပာယ်သက်ရောက်ပြီး နှစ်ဘက်စလုံးအကျိုးရှိစေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောဆိုလုပ်ကိုင်ရတာတွေရှိတာကြောင့် တစ်ဖက် တည်း အဆင်ပြေတာထက် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပဲဖြစ်ပါတယ်။

            အထက်လူကြီး သို့မဟုတ် လုပ်ငန်းရှင်နဲ့ အဆင်ပြေတဲ့ လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ဟာ ပိုမိုကောင်းမွန်သလို လုပ်ငန်းကလည်း အစဉ်တိုးတက်မှုရှိနေတာကိုတွေ့ရပါတယ်။ ကိုယ်သာ အခုချိန်မှာ အထက်လူကြီးတစ်ယောက် သို့မဟုတ် လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေမယ်ဆိုရင် လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှု ပိုမိုကောင်းမွန်ဖို့အတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

            လက်အောက်ဝန်ထမ်းတွေ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့အတွက် လုပ်ဆောင်လေ့ရှိတာတွေက တော့ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်စေခြင်း၊ ဆုံးဖြတ်ချက်ချရမယ့်အကြောင်းအရာတွေမှာပါဝင်ဆုံးဖြတ်စေပြီး လုပ်ဆောင်နိုင်မှုအတိုင်းအတာကို မြှင့်တင်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။လေ့လာမှုမှတ်တမ်းတွေအရ လက်အောက် ဝန်ထမ်းတွေဟာ ဦးဆောင်သူရဲ့ တိုက်ရိုက်အမိန့်ပေး လုပ်ခိုင်းတာမျိုးထက် ကိုယ်ပိုင်လုပ်ဆောင်ခွင့်ရပြီး ဆုံးရှုံး မှုမများပြားတဲ့ ကိစ္စမျိုးတွေမှာ လွဲချော်ခဲ့မယ်ဆိုရင် ဦးဆောင်သူက ကူညီဖြေရှင်းပေးတာမျိုးကို ပိုမိုအလိုရှိတာ တွေ့ရပါတယ်။

            ဦးဆောင်ကောင်းသူတစ်ယောက်ဟာ လက်အောက်ဝန်ထမ်းတွေတစ်ဦးချင်းစီရဲ့ စွမ်းဆောင်နိုင်မှုကို သိရှိထားပြီးဖြစ်သလို သူတို့အားသာတဲ့အကြောင်းအရာတွေကိုသာ လုပ်ဆောင်ခိုင်းလေ့ရှိပါတယ်။သူတို့ကိုယ် တိုင် မဖြေရှင်းနိုင်တဲ့အခက်အခဲမျိုးရှိရင်တောင် သူတို့ရဲ့ ထင်မြင်ချက်၊ဆုံးဖြတ်ချက်တွေကို ဦးဆောင်ကောင်းသူ ဟာ အရင်မေးလေ့ရှိပြီး လိုအပ်နေတဲ့အကြောင်းအရာ၊မပြည့်စုံတဲ့ အချက်အလက်တွေကို လိုက်ဖြည့်ပေးရင်း အကောင်းဆုံးနည်းလမ်းတွေကို လမ်းညွှန်ပေးလေ့ရှိပါတယ်။

            လက်အောက်ဝန်ထမ်းတွေကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တဲ့အချက်တွေထဲမှာ ဦးဆောင်ကောင်းသူတွေဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဝန်ထမ်းတစ်လျှောက်ရဲ့ အတွေ့အကြုံ၊လုပ်ဆောင်ခဲ့ရမှု၊ သင်ခန်းစာယူပြီး ကြိုးစားခဲ့ရမှုတွေကို ပြောပြခြင်းနဲ့ လုပ်ဆောင်လေ့ရှိတာလည်းတွေ့ရပါတယ်။ ဦးဆောင်သူ တစ်ယောက်ဟာ လက်အောက်ဝန်ထမ်းတွေရဲ့စွမ်းဆောင်နိုင်မှုကို တစ်ဦးချင်းစီအလိုက် မြှင့်တင်ပေးဖို့ဆိုတာ မလွယ်ကူတာကြောင့် လက်အောက်ဝန်ထမ်းတွေရဲ့ ကြိုးစားသင်ယူချင်တဲ့စိတ်ကသာ ကိုယ်ရဲ့တိုးတက်မှု အတွက် အဓိကဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON