published at :

တစ်ခါတုန်းက မှောင်မည်းနေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး ( ၅ )တိုင် ရှိတယ် တဲ့။
ဖယောင်းတိုင်လေးတွေမှာလည်း အလင်းတွေ ကိုယ်စီနဲ့ပေါ့။
ဖယောင်းတိုင်( ၅ )တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့ အခန်းဟာ လင်းထိန်နေပါတော့တယ်။


အဲဒီအခန်းထဲကို လေပြေပျော့ပျော့လေး တိုက်ခတ်နေသတဲ့။

တစ်ခါတစ်လေမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်လေမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေးတစ်တိုင်မီးငြိမ်းသွားပါတယ်။ အခန်းဟာ အလင်းအား နည်းနည်းလျော့သွားတယ်လေ။

အဲဒီဖယောင်းတိုင်လေးကို အချစ်လို နာမည်ပေးကြည့်ရအောင်။
အချစ်ဆိုတဲ့ အလင်းအားလေး လျော့သွားတော့ အခန်းဟာနည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။
အဲဒီ ဖယောင်းတိုင်လေးကိုတော့ သံယောဇဉ်လို့ နာမည်ပေးကြည့်ရအောင်။

ဒီအခန်းထဲမှာ အချစ်ဆိုတဲ့ အလင်းရောင်ရယ်၊သံယောဇဉ် ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။
အခန်းဟာ တဖြည်းဖြည်းနဲ့ အမှောင်ထု ပိုပြီးတော့ကြီးစိုးလာပါတယ်။

ဒီလိုနဲ့နောက်ထပ် လေတစ်ချက်အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။
သူ့ကိုတော့ မေတ္တာတရားလို အမည်လေး ပေးလိုက်ပါတယ်။
နောက်ထပ် လေတစ်ချက်အဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်ပါတယ်။
ဒီဖယောင်းတိုင်လေးကိုတော့ ကရုဏာတရားလို့ အမည်ပေးမယ်နော်

ဖယောင်းတိုင်( ၅ ) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်( ၁ )တိုင်မျှသာ အလင်းအား ရှိပါတော့တယ်။
နောက်ဆုံး ဒီဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေး ငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့မှာပါပဲ။

ဖြစ်ချင်တော့ အဲဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်

"ဟာအခန်းကြီးက မှောင်မည်းနေတာပဲ။ တော်သေးတာပေါ့ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့"
ပြောပြောဆိုဆိုနဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်လေးကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် ( ၄ )တိုင်ကို တွေ့သွားတယ်။
ချက်ချင်း ဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်လေးနဲ့ မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။


ဒီအခန်းလေးက အရင်အတိုင်းပဲ ပြန်ပြီးတော့ လင်းထိန်သွားပါတော့တယ်။

ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို နာမည်ပေးကြည့်ကြရအောင်။
ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့နာမည်ကို နားလည်ပေးမှု၊စာနာပေးမှု၊ ယုံကြည်ပေးမှု ဖယောင်းတိုင်လိုနာမည်ပေးထားပါတယ်။

ဒါဆို တွေးကြည့်ရအောင်

လူတစ်ယောက်နဲ့ တစ်ယောက် အကြားမှာ နားလည်ပေးမှု၊ စာနာပေးမှု၊ယုံကြည်ပေးမှု အလင်းအားရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင်...
အချစ်ဆိုတာ ပြန်ဖြစ်နိုင်တယ်။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်။ မေတ္တာတရား ကရုဏာတရားတွေ ပြန်ဖြစ်နိုင်တယ်။

နားလည်ပေးမှု၊ စာနာပေးမှု၊ယုံကြည်ပေးမှုဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင် အခန်းကြီးဟာ မှောင်မည်းသွားသလို
အချစ်တွေ၊မေတ္တာတရားတွေ၊သံယောဇဉ်တွေ၊ကရုဏာတရားတွေပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။

လူ့ဘဝရဲ့ အနှစ်သာရလည်း မရှိတော့သလိုပါပဲ။

မိသားစုအချင်းချင်း အကြားမှာ  
သူငယ်ချင်းနှစ်ယောက် အကြားမှာ
မောင်နှမနှစ်ယောက် အကြားမှာ
ဇနီးမောင်နှံနှစ်ယောက် အကြားမှာ
အဖွဲအစည်း တစ်ခုနဲ့တစ်ခု အကြားမှာ
နားလည်ပေးမှု၊စာနာပေးမှု၊ယုံကြည်ပေးမှုဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။

ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင် လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ ဘဝကို ခံစား နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။

ချစ်သူနှစ်ယောက် အကြားမှာ နားလည်ပေးမှု၊စာနာပေးမှု၊ ယုံကြည်ပေးမှုရှိရင် ပျော်စရာ သိပ်ကောင်းမှာပဲ။
မိဘအပေါ် နားလည်ပေးတတ်တဲ့ သားသမီးတွေကိုပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။
ဒီလိုပါပဲ ... နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့ သားသမီး ဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။

ကိုယ့်ကို နားလည်ပေးတဲ့၊စာနာပေးတဲ့၊ ယုံကြည်ပေးတဲ့သူငယ်ချင်းတွေသာ ကိုယ့်အနားမှာရှိရင်
သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရတာ ဘုရားပေးတဲ့ ဆုလာဒ်ပါပဲ။
ကိုယ့်ကို နားလည်ပေးတဲ့၊စာနာပေးတဲ့၊ယုံကြည်ပေးတဲ့ချစ်သူနဲ့သာ အတူနေခွင့်ရရင်
အချစ်ဆိုတာ ပျော်စရာပဲလို ခံစားမိမှာပါ။

အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့၊ ယုံကြည်ပေးတဲ့ လူ့အဖွဲအစည်းတွေသာကျွန်တော်တို့ဝန်းကျင်မှာ ရှိခဲ့ရင်
ကျွန်တော်တို့ လူ့ဘောင် လူ့လောကကြီးဟာ ဒီထက် ပိုပြီး သာယာလာပါမယ်။ငြိမ်းချမ်းလာပါမယ်။တိုးတက်လာပါမယ်။
ပျော်စရာလည်း ကောင်းလာပါလိမ့်မယ်။

ဒါကြောင့်
ဘယ်နေရာမှာမဆို နားလည်ပေးမှု၊စာနာပေးမှု၊ ယုံကြည်ပေးမှုတွေသာ အပြန်အလှန် ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။

Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON