စာဖတ်ပရိသတ်များကို ဒီတစ်ခေါက် တင်ပြဆွေးနွေးချင်တာကတော့ ကျွန်တော်တို့ HR Department အနေနဲ့ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ ထဲကမှ အခြေခံအဓိကကျတဲ့ အောက်ပါ အပိုင်း ၄ ပိုင်းအကြောင်းပဲဖြစ်ပါတယ်။
(1) HR Planning
(2) Recruitment and Selection
(3) Training and Development
(4) Remuneration တို့ပဲ ဖြစ်ပါတယ်။
(1) လူစွမ်းအား အရင်းအမြစ် စီမံကိန်းဆွဲခြင်း (HR Planning)
လုပ်ငန်းရဲ့ မျှော်မှန်းချက်ကို မူတည်ပြီး ပြည့်မီ ချင်တဲ့ ရည်မှန်းချက်တွေ ကို ရောက်ရှိဖို့ အကောင်ထည်ဖော်ကြတဲ့ အခါ လုပ်ငန်းက သွားချင်တဲ့ ပန်းတိုင် ကို အခြေခံသည့် HR Department ရဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံကိန်းကို အသေအချာ ချမှတ်ကြရပါတယ်။
အဓိကထား အစီစဉ်ဆွဲရတဲ့ အပိုင်းတွေကတော့
လုပ်ငန်းဖွဲ့စည်းပုံနဲ့ ခန့်အပ်မယ့် ဝန်ထမ်းအရေအတွက်တွေ
(Organization Structure and Manpower Planning)၊ ဝန်ထမ်းတွေ လုပ်ဆောင်ရမယ့် တာဝန်တွေနဲ့ တကွ လိုအပ်တဲ့ ပညာအရည်အချင်းနှင့် လိုအပ်တဲ့ လုပ်ကိုင်နိုင်စွမ်းတွေ (Job analysis and Job Description)၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ (HR Policies and Procedures) တွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ Employment Law ကို အခြေခံပြီး ရေးဆွဲခြင်း စတာတွေကို စီမံချက် ချမှတ်ရေးဆွဲရတာပဲ ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုရဲ့ ရည်းမှန်းချက်ပန်းတိုင် ကို အရောက်သွားနိုင်ဖို့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များ ကို ကြိုတင်တွက်ဆပြီး စီမံချက်ရေးဆွဲရတာ ဖြစ်ပါတယ်။
(2) ဆွဲဆောင်ခြင်း၊ ခေါ်ယူရွေးချယ်ခြင်း (Attract, Recruitment and Selection)
လူသားအရင်းအမြစ်စီမံမှုရဲ့ အဓိက တာဝန်ကတော့ လုပ်ငန်းက လိုအပ်တဲ့ အရည်အသွေးနဲ့ ကိုက်ညီသူတွေကို လိုတဲ့အချိန်၊ လိုအပ်နေတဲ့ နေရာမှာ လူမှန်နေရာမှန် အချိန်ကိုက်ရနိုင်ဖို့ ပဲဖြစ်ပါတယ်။
အလုပ်ကြော်ငြာခေါ်ကတည်းက အရည်အချင်းကိုက်ညီသူတွေကို အလုပ်လာလျှောက်ချင်အောင် စည်းစနစ်တကျနဲ့ ပြင်ဆင်ရပါတယ်။ ထိရောက်မှူရှိတဲ့ ကြော်ငြာလမ်းကြောင်းကိုလည်း သုံးပေးရမှာဖြစ်ပါတယ်။
လစ်လပ်နေတဲ့ ရာထူးအတွက် ကိုက်ညီမှုရှိ/မရှိ အဲဒီနေရာကနေ စတင် Screening လုပ်ပြီးစီစစ်ရပါတယ်။ Shortlisted ဖြစ်ပြီး ကိုက်ညီမှုအများဆုံးသူတွေကို ပထမဆုံးအကြိမ် HR ကနေ လူတွေ့မေးမြန်းရပါတယ်။ ရွေးချယ်စီစစ်တဲ့ အခါမှာ ဝန်ထမ်းရဲ့တာဝန် ယူရမယ့် အပိုင်းပေါ်မူတည်ပြီး သက်ဆိုင်ရာ Test တွေ စစ်ဆေးပြီး ရွေးချယ်ပါတယ်။ Test တွေလည်းအောင်တယ်။ အဲဒီနေရာမှာ HR ဘက်ကလည်းလက်ခံတယ်၊ သက်ဆိုင်ရာ Line Manager ကလည်း သဘောကျပြီဆိုရင် ဝန်ထမ်းကို Job offer လုပ်ဖို့ စီစဉ်ရပါတယ်။
(3) လေ့ကျင့်သင်ကြားပေးခြင်း (Training and Development)
ဒီအပိုင်းကတော့ ဝန်ထမ်းတွေကို သူတို့အလုပ်စတင်ဝင်လာချိန်ကစပြီး ဝန်ထမ်းမိတ်ဆက် Employee Orientation က စတင်ရပါတယ်။ အချို့လုပ်ငန်းတွေကတော့ On Job Training ပေးကြပါတယ်။ ဒီလိုသင်ကြားပြသပေးမှသာ လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေ ထုံးထမ်း အစဉ်အလာတွေ၊ အလုပ်ခွင်အကြောင်းနဲ့ သူ့တာဝန်တွေ အကြောင်း အမြန်ဆုံး သိရှိပြီး စွမ်းရည်တွေကို ထုတ်သုံးနိုင်မှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေရဲ့ စွမ်းရည်တိုးတက်မှုအတွက် HR က Training Need Analysis လုပ်ပြီး စီမံကိန်းချမှတ် Training program & Budget တွေရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။ (Technical) နည်းပညာဆိုင်ရာသင်တန်းတွေ၊ ရုံးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ သင်တန်းတွေ (Conceptual) လို့ခေါ်တဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်အောင် ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ၊ (Leadership) ခေါင်းဆောင်မှုသင်တန်းတွေကိုလည်း ပုံမှန်ပေးနေမှသာ လုပ်ငန်းတွေမှာ အမှားနည်းပြီး အမြဲတိုးတက်နေမှာဖြစ်ပါတယ်။
(4) လစာခံစားခွင့်နှင့် ဆုချီးမြှင့်ခြင်း (Reward and Remuneration)
ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ လုပ်ခလစာ နဲ့ ဆုချီးမြှင့်မှု၊ အခြားခံစားခွင့်များ၊ လျော်ကြေး၊ နစ်နာကြေးတို့နဲ့ ပတ်သတ်တဲ့ ကိစ္စအဝဝ ကို ဤအပိုင်းက တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ဝန်ထမ်းတွေ ရဲ့ လုပ်ရည်ကိုင်ရည်ကို အသိမှတ်ပြုချီကျူးပြီး ဆုချီးမြှင့်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒီ့အပြင် ဈေးကွက်မှာ လက်ရှိပေးနေတဲ့ လစာနှုန်းထားတွေ ကိုလည်း အမြဲ Update သိနေရမှာဖြစ်ပါတယ်။
လစာအပြင် ဝန်ထမ်းများ နှုတ်ထွကတဲ့အခါ၊ အသက်ပြည့် ရပ်နားတဲ့ အခါ၊ အလုပ်မှ ရပ်စဲတဲ့အခါ စတဲ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေ ကိုလည်း သေချာစွာတွက်ချက်ပေးရမှာဖြစ်ပါတယ်။