ဝတ္ထုတစ်ပုဒ်၏ ရှေ့ဖြစ်မည့်ဇာတ်လမ်းကို စာမျက်နှာကျော်ဖတ်လို့ ရနိုင်သော်လည်း ဘဝတွင် စာမျက်နှာ ကျော်ဖတ်လို့ ရနိုင်သည်မဟုတ်။ ပစ္စုပ္ပန်သာလျှင် ကိုယ်လက်ထဲတွင်ရှိသည်။မိမိ ဘဝအခြေအနေမှာ ဆင်းရဲ နွမ်းပါးကောင်း နွမ်းပါးနေပါလိမ့်မည်။အတိတ်ကံအရ ဖြစ်လာရသည်။ကိုယ်ဘာမှ မတတ်နိုင်ဟု သဘောထားလိုက်ပါ။သို့သော် ကိုယ်တတ်နိုင်သည်က ပစ္စုပ္ပန်သာ ဖြစ်သည်။
ဆရာကြီးပီမိုးနင်း၏ “ အတိတ်တွင် အလုပ်လုပ်လို့မရ ။ အနာဂတ်တွင်လည်း အလုပ်လုပ်လို့မရ ။ ပစ္စုပ္ပန် တွင်သာ အလုပ်လုပ်လို့ရလေသည် ” ဟူသော စကားကိုမှတ်မိကြလိမ့်မည် ထင်သည်။ထိုမျှမက ပစ္စုပ္ပန် သည် အတိတ်ကံကိုလည်း ထိုက်သင့်သလောက် ပြုပြင်နိုင်သည်။အနာဂတတ်ကိုလည်း ပုံလောင်းနိုင်သည် ဟူ သော အချက်ကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်ထားသင့်သည်။
ယနေ့ ရယ်ကာမောကာ ပြုမှုလိုက်သော ကိစ္စတစ်ခုသည် နောင်သောအခါ ကြေကွဲစရာ၊သို့မဟုတ် ထိတ်လန့်စိုးရိမ်စရာ ဖြစ်ချင်ဖြစ်လာတတ်သည်။ ယနေ့ထိတ်လန့်စိုးရွံရသော ပြဿနာတစ်ခုသည် နောင်သော အခါ ဝမ်းမြောက်ရွှင်မြုးရသောအဖြေ ထွက်ချင်ထွက်နေတတ်သည်။ထိုကြောင့် အချိန်နှင့်ခေတ်တွေကို လွန်ဆန်ပြီး မရပ်တည်နိုင်သော လူဘဝတွင် အနာဂတ်ကို ဆင်ခြင်ဥာဏ်နှင့် လှမ်းမြော်ပြီး ပစ္စုပ္ပန်ကာလကို အဖိုးတန်အောင် လုပ်နေရန်သာလိုအပ်သည်။
ထိုကြောင့် အနာဂတ်ကို ကြောက်နေစရာမလို ၊ဂရုတစိုက်တန်ဖိုးထားရမည်မှာ ပစ္စုပ္ပန်သာ ဖြစ်သည်ဟု လူငယ်များအား စကားဆိုလိုက်ရပါသည်။
*** ဆရာကြီး ဦးအောင်သင်း ၏ အနာဂတ်ကို မကြောက်နဲ့ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။***