ပျော်ချင်ရင် အရင်ဆုံးလုပ်ရမှာက သင့်ကိုယ်သင်လက်ခံဖို့ပါ။ သင့်ရဲ့အားနည်းချက် သို့မဟုတ် သင့်ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်သေးသရွေ့ ပျော်ရွှင်ဖို့ မလွယ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့လို့ ကျွန်တော်သိနေတာပါ။ ကျွန်တော်က ငယ်ငယ်လေးထဲက မျက်မှန်တပ်ခဲ့ရပါတယ်။ မိဘတွေကတော့ စာဂျပိုးလေး၊ ပညာရှိဖြစ်မယ့်ကောင်ဆိုပြီး အားမငယ်အောင် အားပေးပါတယ်။ ဒါပေမယ့် အားငယ်တာက အားငယ်တာပါပဲ။ နာမည်ပြောင်များစွာခေါ်တာ ငယ်ငယ်တည်းက ခံခဲ့ရပါတယ်။ ကျွန်တော့် ငယ်ဘဝ၊ ကျောင်းသားဘဝဟာ ပျော်စရာ သိပ်မရှိခဲ့ပါဘူး။ အမြဲတမ်း မလုံခြုံသလို၊ အားငယ်သလို ခံစားခဲ့ရပြီး မနက်တိုင်း ကျောင်းသွားချင်စိတ် မရှိခဲ့ပါဘူး။ ကျောင်းမှာလည်း အမြဲထောင့်ကျကျ နေရာတွေမှာ ထိုင်လေ့ရှိပြီး ကျွန်တော့် ငယ်ဘဝရဲ့ အဖော်က ကျောင်းစာတွေနဲ့ ကာတွန်းစာအုပ်တွေပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို လက်မခံခဲ့ပါဘူး။
ဒီလိုနဲ့ အတန်းကြီးလာတော့လည်း ဒီလိုပါပဲ။ ကျောင်းထဲမှာ အနိုင်ကျင့်တတ်တဲ့ ကျောင်းသားတွေပါဝင်ပါတယ်။ သူတို့ စနောက်တာကို အမြဲခံခဲ့ရပါတယ်။ တစ်နေ့ ကျောင်းသားတစ်ယောက်က လာစတာကို ကျွန်တော် ဒေါသထွက်သွားတဲ့ အချိန်မှာ ဘေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။ "မင်းက အဲ့ဒါကိုမင်းအားနည်းချက်လို့ထင်တော့ အဲ့ဒါကိုထိတိုင်း မင်းနာပြီပေါ့။ မင်းမထင်ရင် အဲ့ဒါမင်းအားနည်းချက်မဟုတ်တော့ဘူး" ဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ အဲ့ဒီစကားကို နားမဝင်ခဲ့ပါဘူး။ အသက်ကြီးလာတော့မှ အဲ့ဒီစကား ဘယ်လောက်မှန်လဲ သိလာရပါတယ်။
ကျွန်တော် အဲ့ဒီအချိန်တုန်းက စိတ်ထဲမှာ အမြဲလိုလို ကိုယ့်ရဲ့ဘဝနဲ့ အခြားသူတွေရဲ့ ဘဝကို နှိုင်းယှဉ်ပြီး စိတ်အားငယ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို သူများနဲ့ အမြဲနှိုင်းယှဉ်နေခဲ့ပါတယ်။ ကျွန်တော့် ဆရာ ကိုပြေခိုင်က ပြောဖူးတယ် " မင်းကိုယ်မင်း အခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်လိုက်တဲ့ အချိန်က မင်းပျော်ရွှင်မှုတွေကို ရပ်တန့်လိုက်တဲ့ အချိန်ပဲ တဲ့"။ ကိုယ့်ဘဝနဲ့ သူများဘဝတွေကို နှိုင်းယှဉ်တာ ရပ်လိုက်ပါတယ်။ အဲ့အချိန်မှပဲ လောကကြီးနဲ့စပြီး အသားကျလာ ခဲ့ပါတော့တယ်။ အစက ကိုယ်နဲ့ မသက်ဆိုင်တဲ့ နေရာတစ်ခုကို ရောက်နေသလို ခံစားနေခဲ့တာဖြစ်ပေမယ့် အဲ့ဒီအချိန်မှာတော့ မျှော်လင့်ချက်တွေ အရောင်သန်းလာခဲ့ပါတယ်။
မတက်ရဲ့ခဲ့တဲ့ သင်တန်းတွေ စတက်ခဲ့တယ်။ အစက စကားမပြောရဲခဲ့ပေမယ့် နောက်ပိုင်း စကားပြောရဲလာခဲ့တယ်။ အဲ့ဒီလို ကိုယ့်ကိုယ်ကို လက်ခံပြီး နောက်ပိုင်း ကိုယ့်ကို ဘယ်လိုစစ စိတ်မဆိုးတော့ပါဘူး။ စိတ်မဆိုးတော့တာနဲ့ တစ်ပြိုင်နက် စတဲ့သူလည်း နည်းသွားပါတယ်။ အချို့ဆို သတိတောင် မထားပါဘူး။ ကျွန်တော်ငယ်စဉ်က စိတ်ထဲမှာ ပုံကြီးချဲ့ ခဲ့တဲ့ အားနည်းချက်ဆိုတဲ့ အရာကြီးဟာ ကိုယ့်ကိုယ်ကို လက်ခံလိုက်ချိန်မှာတော့ ပါဝါ ကင်းမဲ့သွားပါတော့တယ်။
အဲ့ဒီလို ကိုယ့်ကိုယ်ကို လက်မခံရဲသေးတဲ့ အထဲမှာ မိတ်ဆွေပါနေပါသလား။ ပါနေတယ်ဆိုရင်တော့ ဒီစာလေးဖတ်ပြီးတာနဲ့ မိတ်ဆွေကိုယ်မိတ်ဆွေ လက်ခံအောင် စပြီး ကြိုးစားကြည့်ပါ။ အားနည်းချက်ကိုလက်ခံရမှာ ကြောက်လို့ စိတ်ညစ်နေတယ်ဆိုရင် ရေရှည်မှာ ဒီထက်ပိုပြီး စိတ်ဆင်းရဲရဖို့ပဲ ရှိပါတယ်။ ပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်ချင်ရင် မိတ်ဆွေကိုယ်မိတ်ဆွေ အခုပဲ လက်ခံလိုက်ပြီး ဘဝကို ရဲရင့်စွာရင်ဆိုင်ကြည့်လိုက်ပါ။