published at :

        မနက်စောစော အိပ်ရာထနိုင်ဖို့ကြိုးစားရပါမယ်။ ဒီစကားကိုပြောတဲ့အခါ အများစုကတော့ လက်မခံ ကြပါဘူး။ တစ်နေ့တာ ပင်ပန်းခဲ့ရတာတွေကို ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညပိုင်းရောက်မှသာ အသုံးပြုရတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ လူငယ်၊လူလတ်ပိုင်း အချို့ဟာ သန်းခေါင်ယံအချိန်ထိတောင် အိပ်စက်ခြင်း မရှိသေး တာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ပုံမှန်ကျန်းမာရေးအတွက် တစ်နေ့တာအချိန်ကို ၈နာရီ သုံးပိုင်းခွဲခြားထား ပါတယ်။ အဲ့အထဲမှာအိပ်ချိန် ၈နာရီ ပါဝင်တယ်ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ အလုပ်လုပ်နေတဲ့သူတစ်ယောက် ဟာ အိပ်ရေးဝအောင် အလုပ်ပိတ်ရက်မှသာ အိပ်နိုင်မှာပဲ ဖြစ်ပါတယ်။

        အိပ်ချိန် ၈နာရီဆိုပေမဲ့ ၇ နာရီလောက်အိပ်ရင် အဆင်ပြေပြီး ၉ နာရီထက်တော့ ပိုပြီး မအိပ်ရဘူးလို့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သက်တယ်ဆိုပေမဲ့ မနက်ပိုင်းမှာ အိပ်ရာစောစောထတဲ့ သူတွေဟာ ဘဝမှာ အောင်မြင်တဲ့သူအများစုဖြစ်တယ်ဆိုတာကိုပြောပြချင်တာပဲဖြစ်ပါတယ်။ မနက်စောစော အိပ်ရာထနိုင်ဖို့ဆိုတာ ညပိုင်းအိပ်ချိန်က အဓိကကျပါတယ်။မနက်စောစောထပေမဲ့ ညပိုင်းမှာ ညဥ့်နက်တဲ့အထိ နေခဲ့မယ်ဆိုရင် အိပ်ရေး မဝတဲ့အခါ ဘယ်လိုမှ စိတ်ကြည်နိုင်မှာမဟုတ်ပါဘူး။ အိပ်ရေးဝတဲ့သူတစ်ယောက် မနက်ပိုင်းမှာ အိပ်ရာစောစောနိုးလာပြီဆိုရင် ပထမဆုံးအနေနဲ့ နေထွက်ချိန်ကို ခံစားနိုင်သလို စိတ်ကူးစိတ်သန်း အသစ်တွေကိုလည်း ကောင်းမွန်စွာတွေးတောနိုင်မှာဖြစ်ပါတယ်။

        တစ်နေ့တာ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေရတာကြောင့် မစဉ်းစားမိတဲ့ မိသားစုအရေး၊လူမှုပေါင်းသင်း ရေးတွေကိုအချိန်ပေးပြီး တွေးတောနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေဖြစ်တဲ့ ရစ်ချက်ဘရန်ဆန်၊ အရီနာ ဟော့ဖင်တန်၊ မက်ခ်ဇူကာဘတ်တို့ဟာ မနက်ပိုင်းအိပ်ရာစောစောထလေ့ရှိပြီး သူတို့ရဲ့ လုပ်ငန်း တိုးတက်ဖို့ လေ့လာမှုတွေ ပြုလုပ်တယ်လို့သိရပါတယ်။ မနက်ပိုင်းအိပ်ရာစောစောထတဲ့သူတွေဟာ ကော်ဖီသောက်ခြင်း သို့ ကလေးတွေကြည့်တဲ့ ရယ်စရာ ဇာတ်ကားလေးတွေကိုကြည့်ခြင်းနဲ့ သူတို့ရဲ့ စိတ်ကိုကြည်လင်အောင် လုပ်ပြီး သတင်းစာ၊ဂျာနယ်၊ စာအုပ်များကို ဖတ်ရှုလေ့ရှိကြပါတယ်။ အိပ်ရာစောစောထခြင်းကြောင့် လုပ်ငန်းခွင် မသွားခင်မှာ လိုအပ်တဲ့အကြောင်းအရာအချက်အလက်များကို အေးဆေးစွာ အမှားအယွင်းမရှိ လုပ်ကိုင်နိုင်မှာ ပဲ ဖြစ်ပါတယ်။ မနက်အိပ်ရာစောစောထတဲ့အလေ့အကျင့်တစ်ခုကို ပုံမှန်လုပ်ဆောင်ကြည့်မယ်ဆိုရင် ကိုယ်တိုင် မထင်ထားတဲ့ လုပ်ဆောင်နိုင်မှု အချို့ကို လုပ်ဆောင်နိုင်တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

        နံနက်အိပ်ရာစောစောထဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပေမဲ့ အလေ့အကျင့်တစ်ခုရအောင် လုပ်ဆောင်ပြီး ကြိုးစားမယ်ဆိုရင် ကိုယ်ပိုင်အချိန်ပိုမို ရရှိလာမှာဖြစ်တာကြောင့် ကိုယ်ဘဝရည်မှန်းချက်အတွက် လေ့လာမှုတွေကို ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့ခေတ်အရ ညပိုင်းအချိန်တွေမှာတောင် အလုပ်လုပ် ကိုင်ရတဲ့သူတွေ လည်းရှိတာကြောင့် ထောက်ပြစရာတွေရှိတယ်ဆိုပေမဲ့လည်း အများစုဟာ ပုံမှန်အလုပ်ချိန်မှာ လုပ်ကိုင်လေ့ရှိတာကြောင့် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON