အောင်မြင်ကျော်ကြားတဲ့သူတွေအကြောင်းဖော်ပြတာ နိုင်ငံရပ်ခြားကသူတွေအကြောင်းပဲ များခဲ့လို့ မြန်မာနိုင်ငံက ကမ္ဘာ့အသိအမှတ်ပြုခံသူတစ်ဦး အကြောင်းဖော်ပြလိုက်ပါတယ်။ အဲ့ဒီသူကတော့ ကမ္ဘာ့ကုလသမဂ္ဂ မှာ ဥရောပနိုင်ငံတွေက မဟုတ်ဘဲ အထွေထွေအတွင်းရေးမှူးတာဝန်ကို ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံက ဦးသန့် ပဲ ဖြစ်ပါတယ်။ ဦးသန့် ဟာ ကုလသမဂ္ဂရဲ့ တတိယမြောက်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ၁၉၆၁ ခုနှစ် ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အောင်မြင်ကျော်ကြားတဲ့သူတွေပြောခဲ့တဲ့စကားတွေဟာ နောက်လူတွေအတွက်လေ့လာ မှတ် သားသင်ယူစရာတွေချည်းဖြစ်တာကြောင့် ဦးသန့်ရဲ့ပြောစကားတွေထဲက လူငယ်တွေအတွက်မှတ်သားသင့်တဲ့ အကြောင်း အရာလေးတွေကို ဖော်ပြလိုက်ပါတယ်။
- ရည်ရွယ်ချက်ရှိပါ။ ရည်ရွယ်ချက်မရှိတဲ့သူတစ်ယောက်ဟာ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မသိတဲ့သူ ဖြစ်ပါတယ်။ဘယ်သူမဆို ငယ်ငယ်တုန်းက ရည်မှန်းချက်တော့ရှိကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်အောင်မြင်တဲ့သူရှိသလို မအောင်မြင်တဲ့သူတွေလည်းရှိပါတယ်။ ရည်ရွယ်ချက်ရှိတဲ့သူဟာ ရည် ရွယ်ချက်မရှိတဲ့သူတစ်ယောက်ထက် ရည်မှန်းချက်ဖြစ်မြှောက် အောင်မြင်ဖို့ အခွင့်အရေးပိုများပါတယ်။
- သူများနဲ့မတူအောင်လုပ်ပါ။ သူများဖောက်ထားပြီးတဲ့လမ်းအတိုင်းသွားမယ်ဆိုရင် အဆင်ပြေနိုင်ပေမဲ့ ကိုယ်ပိုင်လမ်းသစ်တစ်ခုဖောက်နိုင်မယ်ဆိုရင် ကိုယ်ရရှိလာမယ့်အောင်မြင်မှုဟာ အရမ်းကိုကျေနပ်စရာ ကောင်းမှာဖြစ်ပါတယ်။ အောင်မြင်ကြီးပွားသွားတဲ့သူအများစုဟာ ကိုယ်လမ်း ကိုယ်ဖောက်ပြီး လျှောက်ခဲ့ရတဲ့ သူတွေများပါတယ်။ သူများရဲ့ပုံစံကို ကူးယူပြီးသူအတိုင်းလိုက်လုပ်နေမယ်ဆိုရင်တော့ သူရခဲ့တဲ့ အောင်မြင် မှုထက် ကိုယ်က ဘယ်တော့မှ ပိုရနိုင်မှာမဟုတ်ပါဘူး။
- အများသဘောမလိုက်ပါနဲ့။ အများသဘောသည်အမှားပေါ၏ ဆိုတဲ့အတိုင်း မှားဖြစ်နိုင်ခြေများတဲ့ အတွက် တစ်ခါတလေမှာကိုယ်ရဲ့ရည်ရွယ်ချက် သဘောထားနဲ့ မကိုက်ညီတဲ့အကြောင်းအရာတွေကို အများ သဘောဆန္ဒအရ လိုက်လျောရတာမျိုးတွေမဖြစ်အောင်သတိထားရပါမယ်။ ကိုယ်ပိုင်မဆုံးဖြတ်ရဲတဲ့သူ တစ် ယောက်ကို ဘယ်သူကမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး။
- ပြုပြင်ရန်မကြောက်နဲ့။ အရာအားလုံးပြောင်းလဲနေတဲ့ခေတ်မှာ အဝတ်အစား၊အပြောအဆို၊ အနေအထိုင်၊ အယူအဆတွေ ပြောင်းလဲနေ ပါတယ်။ ခေတ်ရှေ့ ကြိုပြေးနိုင်ဖို့ အရေးမကြီးဘူးဆိုပေမဲ့ ခေတ်နဲ့အတူလိုက် လျောညီထွေမှုရှိအောင် ပြောင်းလဲပြုပြင်မှုတွေ ပြုလုပ်ရ ပါမယ်။ ခေတ်ဟောင်း မှာပဲ နေခဲ့လို့ မရပါဘူး။
- အယုံမလွယ်နဲ့။ မစဉ်းစား၊မချင့်ချိန်ဘဲမယုံပါနဲ့။ အခြားသူတစ်ယောက်ပြောတဲ့အကြောင်းအရာ၊ အဖြစ် အပျက်ဆိုတာ အကုန်လုံးအပြည့်အဝမှန် ပါမယ်လို့ တထစ်ချယုံကြည်နေတဲ့အကျင့်ကိုဖျောက်နိုင်ဖို့ ကြိုးစား ရပါမယ်။အောင်မြင်ခဲ့တဲ့သူတိုင်းဟာ ချင့်ချိန်စဉ်းစားဆုံးဖြတ်ပြီး အကောင်း ဆုံးသော နည်းလမ်းတွေကို ရှာဖွေ ခဲ့လို့သာ အများအထင်ကြီးလေးစားရတဲ့သူတွေဖြစ်လာတာပဲ ဖြစ်ပါတယ်။
(မှတ်ချက် ။ ။ ကြီးပွားရေးမဂ္ဂဇင်းတွေဖော်ပြထားသော ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် ရေးသည့် စကားငါးခွန်းအမည်ရှိဆောင်းပါးကို မှီငြမ်းပြီးရေးသားထားခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူ၏ အမည်မပါ သည့် အတွက် မူရင်းရေးသားသူကို Credit ပေးပါသည်။)