published at :

            Newchallenges အားပေးသူတွေကို အပြောင်းအလဲလေးတစ်ခုဖြစ်သွားအောင် Admin Team က အလုပ်နဲ့ သက်ဆိုင်တဲ့၊ ဘဝအတွက် အကျိုးရှိစေမယ့် သင်ခန်းစာယူစရာပုံပြင်လေးတွေကို တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဖော်ပြပေးမှာကတော့ အားလုံးနီးပါး ငယ်စဉ်ကတည်းက ကြားဖူးကြတဲ့ ယုန်နဲ့လိပ် ပုံပြင်ပဲ ဖြစ်ပါတယ်။ ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြတယ်။ အားလုံးသောသူတွေက ဒီပြိုင်ပွဲမှာ ယုန် အနိုင်ရမယ်လို့ လက်ခံပြီးသားဖြစ်ပေမဲ့ ဝိရီယနည်းခဲ့တဲ့ယုန်ဟာလိပ်ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရတယ်။ ဒီအ ကြောင်းအရာကိုတော့ သိရှိပြီးသားဖြစ်ကြပါလိမ့်မယ်။

            အခုဆက်ပြောမှာကတော့ ရှုံးသွားတဲ့ယုန်ဟာလိပ်ကို နောက်တစ်ကြိမ်အပြေးပြိုင်ဖို့ ပြန်လည်စိန်ခေါ် ပါတယ်။ ဒါပေမဲ့ လိပ်က စိန်ခေါ်မှုကို ချက်ချင်းလက်မခံသေးဘဲ သေချာစဉ်းစားမှု ပြုလုပ်ပါတယ်။ ပထမ အကြိမ်မှာ သူ အနိုင်ရခဲ့တာက သူ တော်ခဲ့လို့ မဟုတ်ဘဲ ယုန်ရဲ့ ပေါ့လျော့မှုကြောင့်ဆိုတာ သိတဲ့လိပ်ဟာ အပြေးပြိုင်ဖို့ သဘောတူပေမဲ့ ယုန်ကိုတစ်ခုတောင်းဆိုပါရစေဆိုပြီး ပြိုင်ပွဲပြေးမယ့်လမ်းကြောင်းကို သူရေးဆွဲပါရစေလို့ ပြောလိုက် တယ်။အဲ့ဒီအချိန်မှာ ပြိုင်ပွဲ ပြိုင်ဖို့ရယ်၊အနိုင်ပြန်လိုချင်နေတဲ့စိတ်ရယ်များနေတဲ့ ယုန်ကလိပ်ရဲ့စကားကို လက်ခံလိုက်တယ်။ အပြေးပြိုင်တဲ့နေ့မှာတော့ ယုန်ဟာ ထုံးစံအတိုင်း အလျင်အမြန်ပြေးသွား ပြီး လိပ်ကတော့ ပုံမှန်ပဲသွားနေခဲ့ပါတယ်။ ပန်းတိုင်ကို မြင်နေရတဲ့ အနားမှာတော့ မထင်မှတ်ဘဲ စမ်းချောင်း တစ်ခုခံနေတော့ ယုန်ဟာ ဘယ်လိုမှ ဖြတ်ကျော်နိုင်ဖို့ အဆင်မပြေဖြစ်နေပါတယ်။ အဲ့အချိန်မှာ လိပ်ကတော့ အေးဆေး ရောက်လာခဲ့ပြီး အလွယ်တကူပဲ စမ်းချောင်းကို ဖြတ်ကျော်ကာ ပန်းတိုင်ကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်။ ဒီပုံပြင်ရဲ့ ရည်ရွယ်ချက်ကတော့ ဆုံးဖြတ်ချက်ချတဲ့အခါ အလွယ်တကူမချဖို့ရယ်၊ ကိုယ့်မှာအားနည်းချက်ရှိနေတယ်ဆိုရင်တောင်အနိုင်ရဖို့အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

            လိပ်ကို ၂ ကြိမ်တိတိ ရှုံးခဲ့တယ်ဆိုပေမဲ့ ယုန်ကတော့ ပြန်လည် အနိုင်ယူဖို့ လက်မလျောဘဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ယုန်ဟာ လိပ်ကို ပြိုင်ပွဲလမ်းကြောင်းကို သူရေးဆွဲပါရစေလို့ ပြောလိုက်တယ်။ လိပ်ကလည်း ယုန်ဟာ သူအနိုင်ရမယ့်လမ်းကြောင်းကိုရေးဆွဲမယ်ဆိုတာ သိပေမဲ့ ၂ ကြိမ် အနိုင်ရထားခဲ့တဲ့ စိတ်ကြောင့် သဘောတူပေးလိုက်တယ်။ ထုံးစံအတိုင်း အပြေးပြိုင်တဲ့အချိန်မှာတော့ ယုန်က အမြန်ပြေးပြီး အရှေ့ကိုရောက်သွားတယ်။ လိပ်ကတော့ ဖြေးဖြေးချင်းပဲပေါ့။ ယုန်ဟာမထင်မှတ်တဲ့အလုပ်တစ်ခုကိုလုပ်လိုက်တယ်။ ပန်းတိုင်ဟာ မတ်စောက် တဲ့တောင်ထိပ်မှာမြင်နေရပေမဲ့ ယုန်ဟာချက်ချင်း မတက်သေးဘဲတောင်ခြေမှာတစ်ရေးအိပ်နေသေးတယ်။ ပြိုင်ပွဲကို လာရောက်ကြည့်တဲ့ အခြားသတ္တဝါတွေကတော့ ယုန်ကိုအပြစ်တင်ကြတာပေါ့။ အဲ့လိုနဲ့ လိပ်က တောင်ခြေကို ရောက်လာပြီး တောင်ပေါ်ကိုတက်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူရဲ့ လေးလံလှတဲ့အခွံတွေက တောင်ထိပ် ရောက်အောင် ဘယ်လိုမှမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အိပ်ရာက နိုးလာတဲ့ယုန်ကတော့ အေးဆေးစွာနဲ့ပဲ ပန်းတိုင်ကို သွားနိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ ဒီပုံပြင်ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ် ဘယ်လောက်ပဲ အနိုင်ရနေပါစေ ၊ကိုယ်ရဲ့ ပြိုင်ဘက်ကို အထင်မသေးဖို့၊ ကိုယ်ကိုယ်ကို အထင်ကြီးစိတ်မဝင်ဖို့ရယ် ကို ပြသပေးခဲ့သလို ရှုံးနိမ့်မှုတိုင်းကို သင်ခန်းစာ ယူပြီး အနိုင်ရမယ်လို့ ယုံကြည်ချက်ထား ကြိုးစားမယ်ဆိုရင် အောင်မြင်မှုရရှိမယ် ဆိုတာကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON