published at :
ဆူဒန်နိုင်ငံရဲ့ ဒေသတစ်ခုရှိ ကျောင်းငယ်လေးတစ်ကျောင်းမှာ ဆရာမက ကျောင်းသူတွေကို စာစီစာကုံးပြိုင်ပွဲလေးတစ်ခုလုပ်ပေးတယ်။
ပြိုင်ပွဲမှာ ထူးချွန်သူဟာ ဖိနပ်လေးတစ်ရံရမယ်ပေါ့။ ဒါနဲ့ ကလေးတွေကလည်း အားရဝမ်းသာ ပျော်ပျော်ရွှင်ရွှင် ပြိုင်ဆိုင် ရေးသား သီကုံးကြတယ်။
ရေးသားပြီး စာရွက်တွေကို ဆရာမထံ အပ်ကြတော့ အားလုံးရဲ့ ရေးသားပုံက ပြောင်မြောက်နေတာကို တွေ့ရတယ်။
အကုန်လုံး ထူးချွန်အဆင့်ရသူတွေချည်း ဖြစ်နေတယ်။
အဲဒီမှာ ဆရာမက ဘယ်သူ့ကို ဆုပေးရမလဲ ဝေခွဲ မရဖြစ်နေတယ်။
ဒါနဲ့ ဆရာမက ကျောင်းသူလေးတွေကို ခေါ်ပြီး အားလုံးရဲ့ စာစီစာကုံးက ထူးချွန်အဆင့်ရကြောင်း၊ သမီးတို့ရဲ့ ကြိုးစားထားမှုကို ဆရာမ အားရဝမ်းသာဖြစ်ကြောင်း၊ ဆုက အားလုံးရထိုက်ကြောင်း ပြောလိုက်တယ်။
ပြီးတော့ ဒီဆုကို ကျောင်းသူအားလုံး ကျေကျေနပ်နပ်နဲ့ တစ်ယောက်ရဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံပြုဖို့ တောင်းဆိုလိုက်တယ်။
အားလုံးက စာရွက်မှာ ကိုယ်စီကိုယ်စီနာမည်ရေး၊ စာရွက်ခေါက်ပြီး ဆရာမကို ပေးကြဖို့၊ ဆရာမက မဲနှိုက်ဆုံးဖြတ်ပေးဖို့၊ ဆရာမမဲနှိုက်တဲ့အခါ မဲကျသူသာ ဆုကို ရထိုက်သူဖြစ်ကြောင်း ကြေညာပေးဖို့ အကြံပြုကြတယ်။
ဒါနဲ့ အဲဒီလို လုပ်လိုက်ကြတာပေါ့။
ဆရာမကအားလုံးရှေ့မှာ မဲနှိုက်တယ်။
ကလေးမလေး (ဝဖာ အဗ်ဒုလ်ကရီးမ်) မဲပေါက်ပါတယ်။
ဆုယူဖို့ အရှေ့ကို လာခဲ့ပါသမီးလေး။
ကလေးတွေအားလုံး လက်ခုပ်သြဘာတီးကြတယ်။
ကလေးမလေးခင်ဗျာ၊ အားလုံးရဲ့ လက်ခုပ်သြဘာသံတွေကြားမှာ ပျော်ရွှင်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။
ဆရာမက အားလုံးကို ကျေးဇူးတင်စကားပြောတယ်။
ပြီးတော့ ...(ဝဖွာလေး) ကို ဆုချီးမြှင့်တယ်။
(ဝဖွာလေး)လည်း သူ့ရဲ့ ဖိနပ်ဟောင်းလေးအစား ဖိနပ်အသစ်ကလေး စီးလိုက်ရတယ်။
သူ့မိဘတွေ ဆင်းရဲလွန်းတော့ သူ့အတွက် ဖိနပ်လေးတစ်ရံတောင် ဝယ်မပေးနိုင်ကြရှာဘူး။
ဒီဖိနပ်လေးပဲ ဝတ်နေခဲ့ရတာ ကြာနေပြီကိုး ... ။
.........................
ဆရာမက ဝမ်းသာပီတိဖြစ်ပြီး အိမ်ကို ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ ခင်ပွန်းကို အဲဒီအကြောင်းပြောပြရင်း ငိုပါလေရော။
ဆရာမရဲ့ ခင်ပွန်းကလည်း ဒီအကြောင်းလေးကြားပြီး ဝမ်းသာပါရဲ့။
ဒါပေမဲ့ ဇနီးသည်ငိုနေတာကို နားမလည်နိုင်ဘူးဖြစ်နေတယ်။
"ဒါနဲ့ မင်းကဘာလို့ ငိုရတာလဲကွာ၊
မင်းတပည့်လေးတွေ အားလုံး တော်ကြတာပဲ။
မင်းစီစဉ်ထားတဲ့ ဆုလည်း ပေးလိုက်နိုင်တာပဲကွာ" .... လို့ ပြောလိုက်တယ်။
အဲဒီမှာ ဆရာမက ပြန်ပြောတယ်။

"ကျွန်မပြန်လာနေရင်း ကျန်တဲ့ စာရွက်ခေါက်လေးတွေကို ဖွင့်ကြည့်မိတော့ ကလေးတွေအားလုံးက
(ဝဖွာ အဗ်ဒုလ်ကရီးမ်) ရဲ့ နာမည်ကိုပဲ ရေးသားထားကြတာ တွေ့လိုက်ရလို့ပါ" ....တဲ့။
ဪ ....
ကလေးတွေအားလုံးက (ဝဖွာ)ရဲ့ အခြေအနေကို မြင်တွေ့ကြပြီး
(ဝဖွာ)နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေကိုထည့်ပေးဖို့ ညီညီညွတ်ညွတ်ရှိခဲ့ကြတာကိုး ... ။
......................
ဒါဟာ ....
လူ့အဖွဲ့အစည်းမှာရှိတဲ့
ကျွန်တော်တို့ လူကြီးတွေအတွက် အတုယူသင့်တဲ့စံနမူနာတစ်ခုပါလား ...။
ကိုယ်က သူ့ထက်ပြည့်စုံနေရင်သူ့ဘက်ကို မျှမျှတတ တွေးပေးတတ်ဖို့
ဥပမာလေးတစ်ခုပါလား ...။
ဒါပေမယ့်
ကျနော်တို့မှာ ....တခုခုဆို ငါပဲလိုချင်တယ်၊
ငါပဲရ ချင်တယ်၊
ငါအရင်ဦးမှ ဖြစ်မယ် ... ဆိုတဲ့
စိတ်ဓာတ်တွေရှိနေသရွေ့
သာတူညီမျှတဲ့ လူ့အဖွဲ့အစည်း၊
ညီညွတ်မျှတတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုတာ
ရွှေပြည်တော်မျှော်တိုင်းဝေး
ဖြစ်နေဦးမှာပါပဲ .....။
Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON