ကိုယ်မွေးထားတာမဟုတ်ပေမယ့်ကိုယ့်စိတ်ထဲကို ဘယ်ချိန်ကမှန်းမသိရောက်နေတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးရှိတယ်။
"သံသယ" တဲ့ ၊ သူရှိနေရင် ကိုယ့်စိတ်က လေးလံထိုင်းမှိုင်းနေလိမ့်မယ် ။
မကောင်းမှန်းသိပေမယ့် ကိုယ်တိုင်ပြုစုပျိုးထောင်ပြီး ရေလောင်းပေါင်းသင်ပေးနေမိတဲ့ အဆိပ်ပင်တစ်မျိုးရှိတယ်။
"တလွဲမာန" တဲ့ ၊ သူ့ကြောင့် အချိန်ကုန်၊လူပန်းရုံမက ကိုယ့်ရဲ့လမ်းတွေကိုသူကပိတ်ထားလိမ့်မယ်။
ဆိုးကျိုးပေးမှန်းလည်းသိတယ် ဒါပေမယ့် ကိုယ့်ကိုယ်ထဲကမောင်းထုတ်လို့မရနိုင်သေးတဲ့ နတ်ဆိုးတစ်ပါး ရှိတယ်။
"ဒေါသ" တဲ့ ၊ သူ့ကြောင့်မိတ်ပျက်ရတာ ၊ ဒုက္ခတွေများခဲ့ရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။
ဘယ်သူ့အတွက်မှ ကောင်းကျိုးမပြုမှန်းလည်းသိတယ် ၊ ဒါပေမယ့် မစွန့်နိုင်သေးတဲ့ ခံစားချက်တစ်ခုရှိတယ်။
"မနာလိုဝန်တိုခြင်း" တဲ့ ၊ သူ့ကြောင့် ပူလောင်ရတယ် နာကျင်ရတယ် ဒါပေမယ့် လူသိမှာစိုးလို့ကြိတ်ခံနေခဲ့ရတယ်။
တမင်လုပ်ယူတာ မဟုတ်ပေမယ့် ပြုပြင်နိုင်ဖို့ခက်တဲ့အကျင့်ဆိုးတစ်ခုရှိတယ်။
" အပြစ်မြင်လွယ်ခြင်း" တဲ့ ၊ ကိုယ့်အမြင် ကိုယ့်ရှု့ထောင့် ကိုယ့်နေရာက ခွာမကြည့်ပဲ ကိုယ့်အတ္တအပေါ် ခြေစုံရပ်နေလို့ကတော့ ဒီအကျင့်ဆိုးက ဖျောက်လို့ရမှာ မဟုတ်ဘူး။
တမင်မွေးထားတာမဟုတ်ပေမယ့် ၊ တမင်လုပ်ယူတာမဟုတ်ပေမယ့်
ဖယ်ရှားမောင်းထုတ်ပစ်ရမှာတွေ၊ ပြုပြင်ပြောင်းလဲရမှာတွေက
စိတ်ထဲမှာ အသွေးအသားထဲမှာ ဘယ်လောက်များနေပြီလဲ။
သူတို့ကိုရင်ဆိုင်တိုက်ခိုက်နေရတာက
ဘဝရဲ့ရှင်သန်ခြင်းဖြစ်တယ် ။
သူတို့ကိုအနိုင်ယူဖို့ကြိုးစားတာဟာ
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းတစ်မျိုးဖြစ်တယ် ။
သူတို့ကကိုယ့်ကိုအနိုင်ယူလွှမ်းမိုးနေချိန် ဘဝက အဓိပ္ပာယ်မဲ့နေပြီး
ကိုယ်က သူတို့ကို လွှမ်းမိုးချုပ်ထိန်းထားနိုင်ချိန်မှသာ ဘဝကအဓိပ္ပာယ်ရှိရှိ လှလှပပရှင်သန်နေမှာပါ ။
Credit