published at :

“ထွက်ပေါက်လေးတော့ ထားပေးပါ”

ဒီကာလတွေမှာ လက်ချိုးရေလို့ရတဲ့ ရာခိုင်နှုန်းမှအပ တော်တော်များများ စိတ်ရော၊ လူပါ မွန်းကြပ်နေကြတဲ့ ကာလပါပဲ
“မွန်းကြပ်ခြင်း” ဆိုတဲ့ အရာကို ရိုးရိုးလေးပဲ တွေးကြည့်ရင် “လှောင်ပိတ်ခံထားရတယ်” လို့သာ အဓိပ္ပါယ် ဖွင့်ဆိုချင်တယ်။

“ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ်တဲ့”
လှောင်ပိတ်/ ချောင်ပိတ်နေတဲ့ အရာမှန်သမျှမှာ မနေနိုင်တဲ့အခါ တွန်းလှန်ကြတယ်။


ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာဆိုတဲ့ ကိုယ်မဟုတ်တဲ့ ပတ်ဝန်းကျင်က သက်ရှိ/ သက်မဲ့တွေနဲ့ ဆက်ဆံရတဲ့အခါရယ်မှ မဟုတ်ဘဲ
မိမိစိတ်ကို လှောင်ပိတ်ခံနေရလို့ ကိုယ်စိတ်နဲ့ကိုယ် ပြန်လှန်နေရတဲ့ အခြေအနေတွေလည်း များစွာပါပဲ
ဒါဟာ လှောင်ပိတ်ခံထားရတဲ့ အကျိုးဆက်တွေပဲ


လှောင်ပိတ်ခံထားရတယ်ဆိုတာ တနည်းအားဖြင့် ထွက်ပေါက်မရှိလို့ ဆိုပြီး ဝန်ခံခြင်း တမျိုးပါပဲ။

လူတိုင်းမှာ ဘာအလုပ်ပဲ လုပ်လုပ် လုပ်ဆောင်မှုတိုင်းမှာ ထွက်ပေါက်ရှိဖို့သလို စိတ်ပိုင်းဆိုင်ရာမှာလည်း အလားတူပါပဲ …


ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ဥပမာကို ကြားဖူးနေကြ စကားနဲ့ စလိုက်ရအောင်
“ငါတို့က ဒါပဲ လုပ်တတ်တာ ဒါမှ မလုပ်ရင် ဘာသွားလုပ်စားမလဲ အပြင်မှာလည်း လုပ်မစားတတ်ဘူး”
“ငါတို့အသက်တွေကြီးနေပြီ မင်းတို့လို အငယ်တွေမဟုတ်တော့ဘူး ဒီအရွယ်ကြီးမှ အပြင်ထွက်လုပ်ဖို့ အဆင်မပြေတော့ဘူး” ဆိုတာမျိုးတွေပေါ့


ဒါတွေဟာ “ဒီနေရာကလွဲရင် ဘယ်နေရာမှ ငါသုံးစားမရဘူး ငါ အသုံးမကျဘူး” လို့ ဝန်ခံသလိုကို ဖြစ်နေတတ်တယ်။
တဖက်ကပြန်တွေးတော့လည်း
ဒါဟာ နေရာတစ်ခုမှာ နေသားကျ လှောင်ပိတ်ထားပြီး အခြား အားကိုးရာ မရှိခြင်းလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။

မတတ်သာတဲ့ အခြေအနေတစ်ခုမှာ ခံယူချက်၊ ယုံကြည်ချက်တွေ အမာခံထားရတဲ့ ဘဝတွေများစွာပါ။
ဒီနေရာမှာ မနေချင်တော့တဲ့အခါ နောက်တစ်နေရာဆိုတဲ့ ထွက်ပေါက် ရှိဖို့ လိုကို လိုတယ်။
မရှိတဲ့အခါ အဆင်မပြေဘူး၊ အခက်အခဲတွေကြုံပြီး လူရော၊စိတ်ပါ ပြိုလဲကြရတယ်…။


ဘာကြောင့်လည်း ဆိုတော့ ထွက်ပေါက်တွေ မထားခဲ့တာကြောင့်ပဲလို့ သတ်မှတ်ရမှာပါပဲ။

မပြင်ဆင်ခဲ့တာ ဖြစ်သလို ပြင်ဆင်ချိန် မရခဲ့တာ ပြင်ဆင်ခွင့် မရှိခဲ့တာလည်း ဖြစ်နိုင်တယ်…။


အလားတူ စိတ်ထွက်ပေါက်ပေါ့
မဖြစ်သင့်တာကို တားဆီးသင့်ပေမဲ့ မလိုအပ်ဘဲ ထွက်ပေါက်တွေ အကုန်ပိတ်ပြီး သူ့ရဲ့ စိတ်ပျော်ရွှင်မှုဟာ ကိုယ့်စီမှာလို့ သတ်မှတ်တဲ့အခါ
နောက်ဆုံး မင်းတံခါးပိတ်ပြီး အခြားတံခါးတွေ ဖွင့်လို့ သူထွက် သွားလိမ့်မယ်

ဒါကို ချောင်ပိတ်နေလို့ ထွက်ပေါက်ရှာသွားခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုသင့်လည်း ဖွင့်ဆိုရမှာပဲ


ဒါကြောင့် လူတိုင်း လူတိုင်းမှာ စိတ်ရော ကိုယ်ပါ ထွက်ပေါက် (သို့မဟုတ်) အခြားသော အခွင့်အလမ်းတွေကို အမြဲ ပြင်ဆင် ထားသင့်တယ်
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကာလမှာ စိတ်ရော ကိုယ်ပါ ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ဖန်တီးနေထိုင်ကြပါ…။
တစ်ခုပါပဲ
ကိုယ်ပျော်ရွှင်မှုကြောင့် တပါးသူ အားငယ်စိတ်ကို ပိုပြီး ဖိအားဖြစ်စေရင်တော့ ဒီနည်းလမ်းကနေ ရှောင်လိုက်ပါ။

ကဲ ဒီတော့ မိတ်ဆွေတို့ ဘဝမှာလည်း ခုချိန်ကစပြီး
ထွက်ပေါက် (သို့) အခြားအခွင့်အလမ်းလေးတွေ အရံထားပြီး ဖြတ်သန်းကြည့်ပါ…။
ဒီစာလေးကနေ
သင့်မနက်ဖြန်တိုင်းဟာ အဆင်ပြေနေတယ်ဆိုတဲ့ စကားတွေသာ ပြန်ကြားချင်တာပါ….။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON