published at :

              လူဆိုတာ အသိုက်အဝန်းနဲ့ နေတတ်တဲ့ အမျိုးဖြစ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမရှိဘဲ လောကကြီးမှာ နေထိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် လူတွေမှာ မိတ်ဆွေ၊ အပေါင်းအသင်းတွေ ရှိလာကြတာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ဘဝရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းတွေက အဲ့ဒီမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင် သတိထားမိခဲ့ပါရဲ့လား။ အပေါင်းအသင်းတွေဟာ သင့်ကိုရှေ့ကို တွန်းပို့ပေးနိုင်သလို အပေါင်းအသင်းတွေကပဲ သင့်ကိုဆွဲချနိုင်ပါတယ်။ တစ်ခါတစ်လေ သင်တောင် သတိမထားပဲ အပေါင်းအသင်းကြောင့် သင်ရှေ့မရောက်တတ်တာတွေ ရှိတတ်ပါတယ်။ အပေါင်းအသင်းကောင်းတွေဟာ အမုန်းခံပြီး သင်ကောင်းဖို့အတွက် ပြောလေ့ရှိကြပါတယ်။ ဗဟုသုတ အကျိုးရှိမယ့် အရာတွေဆို လက်တို့လေ့ရှိကြပါတယ်။ အချင်းချင်း ဆွဲတင်တတ်ကြပါတယ်။ အပျော်အပါးလုပ်တဲ့အခါ ဖိတ်ခေါ်သလို ကြိုးစားတဲ့အခါမှာလည်း သင့်ကိုတွဲခေါ်လေ့ရှိပါတယ်။ ဒါပေမယ့် အပေါင်းအသင်းမကောင်းရင်တော့ ဘဝဟာ တိုးတက်မှာ မဟုတ်ပါဘူး။ အောက်ပါ အပေါင်းအသင်းမျိုးတွေ သင့်မှာရှိရင်တော့ သတိထား ပေါင်းသင့်ပါတယ်။
      

အပျော်အပါးမက်လွန်းတဲ့ အပေါင်းအသင်း           

               သူ့ဘာသာ အပျော်မက်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် အပျော်အပါးကိစ္စကြီး အမြဲခေါ်နေတဲ့ အပေါင်းအသင်းမျိုးကိုတော့ သင်သတိထားဖို့ လိုပါတယ်။ တစ်ခါတစ်လေ သူတို့က ချမ်းသာလို့ အမြဲအပျော်အပါးကိစ္စ လုပ်နိုင်တာလည်း ရှိတတ်ပါတယ်။ ကိုယ်က ဘဝမှာ ကြိုးစားဖို့လိုနေသေးသူဆိုရင် ကိုယ့်အခြေအနေကို မေ့လို့မရပါဘူး။ ကိုယ့်အခြေအနေကို ကိုယ်တိုင်မေ့သွားတာမျိုး မဖြစ်ပါစေနဲ့။ တစ်နေ့သင့်မှာ လက်တွဲရမယ့်သူရှိလာပြီး ဘဝလေး တည်ဆောက်ဖို့ ရောက်လာတဲ့ အချိန်မှာ ဘာမှ အဆင်သင့်ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း သင့်ကိုအချိန်အကြာကြီး ထောက်ပံ့ကြမှာ မဟုတ်ပါဘူး။ မိမိဘဝကို မိမိဘာသာ တည်ဆောက်ရမှာဖြစ်ပါတယ်။

 
 အဆိုးမြင်လွန်းသောအပေါင်းအသင်း

               Negative မြင်တတ်တဲ့ သူငယ်ချင်းမျိုးဖြစ်ပါတယ်။ အမြဲလိုလို တစ်ခုမဟုတ် တစ်ခု အပြစ်မြင်နေတတ်ပါတယ်။ သူ့ဘဝမှာ အဆင်မပြေသမျှကို နေ့စဉ် ရင်ဖွင့်ပါလိမ့်မယ်။ အဲ့ဒီလို လူမျိုးတွေက ဘယ်လောက်ပဲ ကောင်းတဲ့အရာဖြစ်ဖြစ် အဆိုးမြင်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဘေးမှာ အနေများရင် မွန်းလည်းမွန်းကြပ်သလို သူတို့ရဲ့ အဆိုးမြင်စိတ်တွေလည်း ကူးစက်လာတတ်ပါတယ်။



သင့်ကိုလိုမှသုံးတဲ့ အပေါင်းအသင်း

                  ဒီလို အပေါင်းအသင်းမျိုးကတော့ သင့်ဆီကို သူတို့တစ်ခုခု လိုချင်မှပဲ ရောက်လာလေ့ရှိပါတယ်။ သင့်ကို မလိုအပ်တော့ချိန်ကျရင် သူတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါလိမ့်။ Single ဘဝတုန်းကတော့ အရေးလုပ်ပြီး Couple ဘဝရောက်သွားတဲ့အချိန်မှာတော့ သင့်ကိုအဖတ်လုပ်တော့မှာ မဟုတ်ပါဘူး။ ငွေးရေးကြေးရေး အဆင်မပြေမှ လာပေါင်းတဲ့ သူငယ်ချင်းမျိုးလည်း ရှိတတ်ပါသေးတယ်။ ဘဝမှာ ပျော်ရွှင်ချင်ရင် အားနာသင့်တဲ့အရာတွေပဲ အားနာပြီး ပြတ်သားသင့်တဲ့ အခါ ပြတ်သားတတ်ဖို့ လိုအပ်ပါတယ်။

 

ဟန်ဆောင်ကောင်းတဲ့ အပေါင်းအသင်း

                 ဒီအပေါင်းအသင်းက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ သင့်ရဲ့ ရှေ့မှာတော့ ယုန်သူငယ်လေးလို ဖြူစင်တဲ့ ပုံမျိုး ဖြစ်နေပါလိမ့်မယ်။ သင်ကတော့ အပီအပြင်ယုံလို့ပေါ့။ နောက်ကွယ်မှာတော့ သင့်မကောင်းကြောင်းတွေပဲ ဖြန့်နေပါလိမ့်မယ်။ တစ်ခါတစ်လေ သင့်ကို ကျိတ်ပြီး မုန်းနေတဲ့ အပေါင်းအသင်းမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးတွေကို အထူးသတိထားပေါင်းဖို့ လိုအပ်ပါတယ်။



တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အပေါင်းအသင်း
  

                    ဒီအပေါင်းအသင်းမျိုးကတော့ သင့်ဘက်ကို လုံးဝတွေးပေးမှာ မဟုတ်ပါဘူး။ သူတို့အတွက်ကလွဲပြီး အခြားအရာတွေ စိတ်မဝင်စားပါဘူး။ သူတို့ကောင်းဖို့ဆိုရင် သူများကိုလည်း ခြေချနင်းရမှာ ဝန်မလေးသူတွေ  ဖြစ်ကြပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးကိုလည်း သတိထားပေါင်းသင်းသင့်ပါတယ်။
                  အထက်ပါ အပေါင်းအသင်းအမျိုးအစားတွေဟာ ကျွန်တော်ကိုယ်တိုင်လည်း ဘဝမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အပေါင်းအသင်းတွေ ဖြစ်ပါတယ်။ သူတို့နဲ့ အတူရှိခဲ့ရတဲ့အချိန်တွေမှာ တစ်ခါမှ စိတ်မချမ်းသာခဲ့ရပါဘူး။ နောက်ဆုံး ပြတ်ပြတ် သားသားဆုံးဖြတ်ပြီး သူတို့နဲ့ အဆက်အသွယ် ဖြတ်ခဲ့ချိန်မှသာ ပြန်လည် စိတ်ချမ်းသာခဲ့ရပါတယ်။ အပေါင်းအသင်းဟာ မိတ်ဆွေရဲ့ပျော်ရွှင်မှုနဲ့ ပတ်သက်နေတာမို့ အပေါင်းအသင်းတွေ ထားရာမှာလည်း သတိပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON