published at :

                   "ကျွန်တော်မပျော်ဘူးဗျာ...  အလုပ်မှာ ကျွန်တော့်အလှည့်ကျတော့ ခိုင်းတာတွေ အကုန်လိုက်လုပ်ပေးတယ်။ အကူအညီတောင်းတိုင်းကူညီပေးတယ်။ မနိုင်ရင်တောင် Over time လုပ်ပေးတယ်။ အခုတော့ အဲ့ဒီအရာတွေ အားလုံးက ကျွန်တော့်တာဝန်တွေ ဖြစ်လာတယ်။ ကျွန်တော်ငြင်းလို့မရတော့ဘူး။ ကျွန်တော့်မှာ Stress တွေအရမ်းများနေတယ်။"  သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကိုရင်ဖွင့်ခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီလိုစကားမျိုးကြားရတာ သူတစ်ယောက်တည်းဆီကတော့ မဟုတ်ပါ။ ကျွန်တော့်ဘဝမှာ ခဏခဏ ကြားခဲ့ဖူးတဲ့စကားပါ။ သဘောကောင်း၊ အားနာရာကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။ မြန်မာလူမျိုးများဟာ No ပြောရမှာ အင်မတန်ကြောက်ရွံ့ လေ့ရှိကြပါတယ်။ နိုင်ငံခြားသားများနဲ့ အလုပ်လုပ်တိုင်း ဒီပြဿနာ အမြဲတက်ပါတယ်။ မန်နေဂျာကပေးတဲ့ တာဝန်တွေကို Yes..,Yes.., နဲ့ ပြောသွားပြီး တကယ့်တကယ်တမ်းမပြီးကြပါဘူး။ ပြီးရင် နောက်ကွယ်မှာ ဘောစ့်အရမ်းခိုင်းကြောင်းပြောတာမျိုး ကြုံဖူးခဲ့ပါတယ်။ တစ်ခါက ကျွန်တော့်ရဲ့ဘောစ့် ပိုလန်သူက သူ့နိုင်ငံက မုန့်အချို့ ဝယ်လာပါတယ်။ ရုံးက ဝန်ထမ်းတွေကို ကျွေးပါတယ်။ ကြိုက်လားမေးတော့ " ငါတို့နိုင်ငံက အရသာမျိုးနဲ့မတူပဲ အရသာစိမ်းနေတော့ သိပ်မကြိုက်ဘူး" လို့ ပွင့်ပွင့်လင်းလင်း ပြောမိပါတယ်။ သူကလည်း " ဟုတ်တယ်... ငါတို့မုန့်တွေက လူတိုင်း မကြိုက်ကြဘူး။ ဒီကမုန့်တွေနဲ့အရသာကွာတယ်" လို့ပြောလာပါတယ်။ ကျွန်တော်တို့ဝန်ထမ်းထဲက တစ်ယောက်ကတော့ ကြိုက်တယ်ဆိုပြီး စားကာ ဘေစင်ထဲမှာ သွားထွေးထုတ်ပါတယ်။ အဲ့ဒီမှာ ပိုလန်သူ ကတွေ့သွားပါတယ်။ ဘောစ့်နဲ့ ကျွန်တော်က ခင်တော့ ဘောစ့်ကနောက်ကွယ်မှာ ပြန်မေးပါတယ်။ နင်တို့မြန်မာလူမျိုးတွေက ငါသတိထားမိတာ No သိပ်မပြောကြဘူးနော်တဲ့။ ငါတို့ဆီမှာနဲ့ ယဉ်ကျေးမှုကွာလို့များလားတဲ့။ ကျွန်တော်လည်း ဒီက အလေ့အထ၊ အကျင့်စရိုက်တွေကိုညအတတ်နိုင်ဆုံး ရှင်းပြလိုက်ပါတယ်။ ဒါပေမယ့် သူနားမလည်ပါဘူး။ သူတို့ဆီမှာ မကြိုက်ရင်မကြိုက်ဘူးပဲ ပြောကြပါတယ်။ ဒီမှာတော့ အားနာခြင်းဆိုတဲ့ အရာကြောင့် Yes အရမ်းပြောကြပါတယ်။ အဲ့ဒီ Yes ကြောင့် ရတဲ့ဒုက္ခတွေလည်း မနည်းပါဘူး။
                  ကိုယ်တကယ်သဘောမကျဘဲ Yes ပြောရတာ တစ်ခါတစ်ရံ တော့ရှိတတ်ပါတယ်။ တစ်ခါတစ်ရံကို ကျွန်တော်မဆိုလိုပါဘူး။ ဒါပေမယ့် အမြဲတမ်းလိုလို အားအရမ်းနာတတ်ရင်တော့ သင်ပဲ စိတ်ညစ်ရပါလိမ့်မယ်။ ရှေ့တင်တော့ Yes လုပ်လိုက်ပြီး နောက်ကွယ် ရောက်တာနဲ့ စိတ်ညစ်သွားတာမျိုး သင်ကြုံဖူးမှာပါ။ သင်က အမြဲလုပ်ပေးနေကျဆိုရင် အရာအားလုံးဟာ သင့်ပုခုံးပေါ် တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။ ဒါဆို အမြဲ ငြင်းခိုင်းနေတာလား ဆိုရင်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ကူညီနိုင်တာကိုတော့ ကူညီပါ။ ပေါပေါ လောလောရနေတဲ့ လူလိုတော့မဖြစ်သွားပါစေနဲ့။ အဲ့ဒီလိုဖြစ်သွားရင် လူတွေကသင့်ကို ခပ်ပေါပေါရတဲ့ အရာတစ်ခုလိုပဲ ဆက်ဆံလာပါလိမ့်မယ်။
                   အကယ်၍ မိတ်ဆွေက အရမ်းကူညီတတ်သူ၊ ကူညီခြင်းကြောင့် လုံးဝ စိတ်မညစ်သူ ဆိုရင်တော့ မိတ်ဆွေသဘောပါ။ အခုစာက ကျွန်တော့်လို သာမန်စိတ်ထားနဲ့ လုတွေအတွက် အကြံပေးထားခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခံယူချက်က မိမိမှာ လုံလောက်တဲ့ ပျော်ရွှင်မှုရှိမှ မိမိပတ်ဝန်းကျင်ကို တစ်သက်လုံး ရေရှည် အကျိုးပြုသွားနိုင်မယ်လို့ခံယူထားလို့ပါ။ ရေကုန်ရေခမ်း ကိုယ်ကျိုးမကြည့်ဘဲ ကူညီပြီး နောက်ပိုင်းမှာ စိတ်ဓာတ်ကျသွားမှာ ကျွန်တော်မလိုလားပါဘူး။ ကျွန်တော့်မှာ ကိုယ်ကျိုးစွန့်ပြီး ကူညီချင်တဲ့ မြင့်မြတ်သေားစိတ်ထား မရှိဘူးလို့ ဆိုလာရင်လည်း စိတ်မဆိုးပါဘူး။ ကျွန်တော်ကူညီနိုင်တဲ့ အရာတွေဆို အစွမ်းကုန် ကူညီပါတယ်။ ကျွန်တော်ငြင်းဖို့ လိုအပ်တဲ့ အခါမှာလည်း အားမနာတတ်ပါဘူး။ မိမိမလုပ်ချင်တဲ့အရာတစ်ခုကို သဘောတူလိုက်ခြင်းက မိမိကိုယ်ကိုညာသလို အခြားသူကိုလည်း ဘာလိုက် သလိုပါပဲ။

                   လူအချို့က သူတို့ရဲ့ဘဝမှာ ဘာတွေလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်သာ အရေးကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဘာတွေမလုပ်မလဲ သို့မဟုတ် ဘယ်အချိန် No ပြောမလဲဆိုတဲ့ အချက်ကလည်း ညီတူညီမျှ အရေးကြီးနေပါတယ်။ သင့်ရဲ့ဘဝဟာ သင့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ သင့်ဆုံးဖြတ်ချက်တွေ ကောင်းရင်ကောင်းသလို သင့်ဘဝဟာလည်း တိုးတက်ကောင်းမွန်လာတာဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON