published at :

                   အချို့သူတွေက တစ်ခါတစ်လေ လူတိုင်း ကျေနပ်အောင် အမြဲတမ်း အနစ်နာခံပြီး လိုက်လုပ်ပေးနေလေ့ရှိကြတာ တွေ့ဖူးတယ်။ သူတို့စိတ်ထဲမှာ ထင်နေတာက သူတို့သာအမှန်တကယ် အနစ်နာခံပြီးနေမယ်ဆိုရင် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အားလုံးက သူတို့ကိုနှစ်သက်လာမယ်ပေါ့။ သူတို့ပတ်ဝန်းကျင်က သူတွေအားလုံး ကျေနပ်ပျော်ရွှင်ကြလိမ့်မယ်ပေါ့။ ဒီလို စိတ်ကူးမျိုးနဲ့ သူများကျေနပ်အောင် အမြဲနေပေးတဲ့သူတွေ ရှိတတ်ပါတယ်။

                 နောက်တစ်မျိုးကကျတော့ သူတစ်ခုခု အမှားလုပ်ရင် ဘယ်သူတွေကများ စောင့်ကြည့်နေမလဲ။ လူ ၁၀၀ မှာ ၁ ယောက်လောက်က အပြစ်တင်မှာကိုတောင် သူစိုးရိမ်တတ်ပါတယ်။ အဲ့ဒီတော့ လူ ၁၀၀ လုံး ကြိုက်အောင် သူကြိုးစားတယ်။ ပျော်လားဆိုတော့ မပျော်ပါဘူး။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေ၊ မကျေနပ်နိုင်မှု၊ မရောင့်ရဲနိုင်မှုတွေကို ဖြည့်ဆည်းရင်း စိတ်ဆင်းရဲခြင်းတွေ စုပြုံလာတယ်။ သူ့သဘောနဲ့ သူမို့ သူများကို သွားတိုင်ပင်လို့ကလည်း တစ်ခါတစ်လေအဆင်မပြေ။ ကိုယ့်အကျင့်နဲ့ ကိုယ်ဒုက္ခရောက်နေခြင်းဖြစ်ပါတယ်။

                   အကယ်၍ အဲ့ဒီလို လုပ်ပေးနေရတာကို ပီတိတွေဖြစ်ပြီး စိတ်ချမ်းသာနေတယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာမှမပြောလိုပါ။သိပ်ကောင်းပါတယ်။ အဲ့ဒါက ကျွန်တော်မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး အဲ့လိုလုပ်ရင်း ပျော်နေတဲ့သူ လည်း သိပ်မတွေ့ဖူးခဲ့ပါ။ အခုဆက်ပြီး အကြံပြုချင်တာကတော့ ကိုယ့်အကျင့်နဲ့ကိုယ် မပျော်နိုင်ဖြစ်နေကြတဲ့ သူတွေအတွက်ပဲဖြစ်ပါတယ်။
       

                     တကယ်တော့ သင်လုပ်သမျှကို လူတိုင်းကျေနပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လောကကြီးမှာ သင်ဘယ်လောက်ကောင်းတဲ့သူ ဖြစ်ဖြစ် အပြစ်ပြောမယ့်သူက အမြဲရှိနေတတ်ပါတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းလို အနစ်နာခံပြီး တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်းကြီးမျိုးကိုတောင် အပြစ်ပြောကြတဲ့သူတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေဆိုရင်တော့ အပြစ်ပြောချင်တဲ့သူ ပိုတောင်ပေါပါသေးတယ်။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့စကား ဟာ တကယ်ကိုမှန်ပါတယ်။ နတ်တောင် မလိုမလိုက်နိုင်တဲ့ လူတွေ ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးနေရင်တော့ သင်လည်း စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။
         

                      လူတိုင်းကျေနပ်အောင် လုပ်ပေးတဲ့ သူဖြစ်ဖို့ထက် မှန်တာကို လုပ်ရဲသူဖြစ်ဖို့က ပိုအရေးကြီးပါတယ်။   မိမိရဲ့ ဆင်ခြင်ထုံတရားနဲ့ ဘယ်အရာ ကိုလုပ်သင့်လဲ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ ဘောလုံး အသင်းတစ်ခုရဲ့ မန်နေဂျာဟာ သူ့အသင်းထဲမှာရှိတဲ့ အသင်းသားအားလုံးကို တစ်ပြိုင်နက်ပွဲထုပ်ဖို့ မဖြစ်နိုင်ပါ။ ပွဲပေါ်မှုတည်ပြီး သင့်တော်တဲ့ ကစားသမား ၁၁ ယောက်ကို ရွေးထုပ်ရပါတယ်။ ဒီနည်းနဲ့ နိုင်ပွဲတွေ ရှာဖွေပြီး အောင်မြင်မှုတွေ ရယူရတာ ဖြစ်ပါတယ်။ ဒီ့အပြင် မီဒီယာ တစ်ခုခုက ကစားပုံကို ဝေဖန်တိုင်း ကစားကွက်တွေ လိုက်ပြောင်းနေလို့ မရပါဘူး။ မိမိဘာသာ မှားနေတဲ့ နေရာကို သုံးသပ်ပြီး လိုအပ်တဲ့နေရာ ကိုရောက်ဖို့  တိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
          

                    ထို့အတူပဲ ဘဝမှာလည်း လူတွေက ဝေဖန်တိုင်း၊ မိမိရဲ့ ဆုံးဖြတ်ချက်ကြောင့် မပျော်ရွှင်တဲ့သူတွေရှိတိုင်း မိမိလုပ်ရပ်ကို ပြောင်းလဲလိုက်ဖို့မလိုပါဘူး။ မိမိဘာသာ အချိန်ပေးပြီး မှားနေတဲ့ အရာတွေ ကိုဖော်ထုတ်ရမယ်၊ ပြင်ဆင်ရမယ်၊ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။         ဒီလိုမှသာ မိတ်ဆွေရဲ့ ဘဝ တကယ်တိုးတက်ပြီး ယခင်ကထက် ပိုမိုပျော်ရွှင်လာနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေ လူတိုင်းကျေနပ်မှာ မဟုတ်ပေမယ့် ပြောသင့်တာပြော၊ လုပ်သင့်တာလုပ်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ လူတိုင်း သင့်ကို နှစ်သက်ဖို့ မလိုဘူး။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON